International News

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် တစ်နာရီလျှင်ရရှိမည့်အနိမ့်ဆုံးအခြေခံလုပ်ခလစာ နှုန်းသတ်မှတ်ရေးအတွက် အစည်းအဝေး စတင်ကျင်းပနေမှုအခြေအနေတင်ပြခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ အခြေခံလစာသတ်မှတ်ရေးကော်မရှင် (Minimum Wages Commission) အနေဖြင့် ၂၀၂၁ ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းသတ်မှတ်ရေး အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိပြီး၊ လက်ရှိ အနေအထားများအရ Coronavirus ကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏စီးပွားရေးအခြေအနေအပါ် ရိုက်ခတ်မှုအနေအထားများအား ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမား ကိုယ်စားလှယ်များသည် မတူညီကွဲပြားသောအမြင်များဖြင့် ရှုထောင့်အသီးသီးမှ ဆွေးနွေး တင်ပြနေကြကြောင်း၊ ဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရေးအားလုံးမှမျှော်လင့်လျက်ရှိကြကြောင်း သိရှိရပါသည်။

အနိမ့်ဆုံးအခြေခံလုပ်ခလစာသတ်မှတ်ခြင်းကို နှစ်စဉ်သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၀ ခုနှစ်အတွက် အနိမ့်ဆုံးအခြေခံလစာနှုန်းမှာ တစ်နာရီလျှင် ကိုရီးယားဝမ် ၈၅၉၀ (အမေရိကန်ဒေါ်လာ ၇.၂) ဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်က နှုန်းထားထက် ၂.၉ ရာခိုင်နှုန်း ပိုမိုမြင့်မားသည့် နှုန်းထားဖြစ်ပါသည်။ Coronavirus ၏ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုကြောင့်လက်ရှိအခြေအနေများအရ ၂၀၂၁ ခုနှစ်အတွက်ကို မူလနှုန်းထားအတိုင်းမပြောင်းလဲရန် (သို့မဟုတ်) ထပ်မံလျှော့ချရန်ပင် တောင်းဆိုဆွေးနွေးလျက်ရှိကြကြောင်း သိရှိရပါသည်။

Korea Enterprises Federation နှင့် Korea Federation of SMEs  တို့မှ ကိုရီးယား အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (၆၀၀) အပေါ်တွင် ကောက်ခံခဲ့သောစစ်တမ်းများအရ စစ်တမ်းဖြေဆိုသူ (၈၈.၁) ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်အတွက်ကိုမူလနှုန်းထားအတိုင်းမပြောင်းလဲရန် (သို့မဟုတ်) ထပ်မံလျှော့ချရန် ဖြေဆိုခဲ့ကြကြောင်း၊ ထို့ပြင် အဆိုပါစစ်တမ်းအရ(၅၈.၈)ရာခိုင်နှုန်းသောအလုပ်ရှင်တို့သည် ထိုကဲ့သို့ဆောင်ရွက်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရှိရပါသည်။ သို့ရာတွင် ကိုရီးယားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်အပါအဝင် အလုပ်သမားကိုယ်စားလှယ်များဘက်မှမူ Coronavirus ကြောင့် ဝင်ငွေနည်းသည့် အလုပ်သမားများအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုလျှော့ချနိုင်ရန် အလုပ်သမားများ၏အခြေခံလုပ်အားခနှုန်းကို ပိုမိုတိုးမြှင့်ပေးသင့်ကြောင်း၊ ထိုသို့တိုးမြှင့်ပေးခြင်းဖြင့် လက်ရှိရင်ဆိုင်နေရသော ပြဿနာများကိုဖြေရှင်းရာရောက်သည့်အပြင် ပြည်တွင်းအသုံးစရိတ်များကိုလည်း တစ်ဖက်တစ်လမ်းမှမြှင့်တင်ပေးခြင်း ဖြင့် စီးပွားရေးနာလန်ထူရေးကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မတူညီသောအမြင်ဖြင့် ဆွေးနွေးလျက်ရှိကြပါသည်။

Coronavirus ဆိုင်ရာ အကန့်အသတ်များကြောင့် ယခုနှစ်အစည်းအဝေးသည် မျက်နှာစုံညီကျင်းပနိုင်ရန် ယခင်နှစ်ကထက်နောက်ကျခဲ့ရကြောင်း၊ ယခင်နှစ်တွင် ၂၀၁၉ ခုနှစ်၊ မေလ နှောင်းပိုင်းကတည်းက စတင်ကျင်းပနိုင်ခဲ့ကြောင်း၊ သမ္မတမွန်ဂျေအင်းအနေဖြင့် ၂၀၁၇ ခုနှစ်တွင် အာဏာရရှိခဲ့ပြီးသည့်နောက်(၅)နှစ်တာ သမ္မတသက်တမ်းအတွင်း အနိမ့်ဆုံးအခြေခံလစာနှုန်းထား ကို တစ်နာရီလျှင် ကိုရီးယားဝမ် (၁၀,၀၀၀)နှုန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားခဲ့မှုလည်းရှိကြောင်း၊ အနိမ့်ဆုံးအခြေခံလစာနှုန်းထားသည် ၂၀၁၉ ခုနှစ်တွင် ၁၀.၉ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ၂.၉ ရာခိုင်နှုန်း အသီးသီးတိုးမြှင့်ပေးခဲ့ပြီးသည့် နောင်လာမည့် ၂၀၂၁ ခုနှစ် အတွက်မူ ၁၆.၄ ရာခိုင်နှုန်း တိုးမြှင့်သွားဖွယ်ရာရှိကြောင်း အချို့က ခန့်မှန်းသုံးသပ်လျက်ရှိကြောင်း သိရှိရပါသည်။

အလုပ်သမား၊ စီးပွားရေးနယ်ပယ်နှင့် အစိုးရပိုင်းတို့မှ ကိုယ်စားလှယ် (၉)ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်(၂၇)ဦးပါဝင်သော Minimum Wages Commission သည် ဆွေးနွေးမှုများကို ဆက်လက်ဆွေးနွေးလျက်ရှိပြီး လာမည့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင် ၂၀၂၁ ခုနှစ် အတွက် တစ်နာရီအတွက် အနိမ့်ဆုံးအခြေခံလစာနှုန်းထားကို တရားဝင် ထုတ်ပြန်ကြေညာသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

Source: The Korea Herald

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

 

 

Category: International News